ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နေရာအတွင်းရှိ ကျောင်းများ ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း တစ်ချို့ စစ်ပြေးဒုက္ခသည်စခန်းများတွင် ကျောင်းအဆောက်အဦများ ဆောက်လုပ်ရန် လိုအပ်နေပြီး ကျောင်းဆရာ၊ ဆရာမများ လိုအပ်နေဆဲ ဖြစ်သည်ဟု KIO ဗဟိုဌာနချုပ်၏ ပညာရေးဌာနမှ အထွေထွေအတွင်းရေးမှူး ဆလန်ကမ္ဘားယော်ဆောင်း(Yaw Sau)က မဇ္ဈိမကို ပြောသည်။
ဇွန်လ ၂ ရက်က စတင်၍ ကျောင်းများ စတင်ဖွင့်လှစ်နေပြီ ဖြစ်ပြီး KIOက လိုအပ်နေသည့် လုပ်အားပေး ဆရာ၊ ဆရာမ ၁၆ဝကို နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC ၊ ကက်သလိပ်အသင်းတော် အပါအဝင် အခြား ခရစ်ယာန်ဂိုဏ်းပေါင်းစုံသို့ တောင်းခံခဲ့ရာ လက်ရှိ ၈၅ ဦး လက်ခံရရှိနေပြီ ဖြစ်ပြီး နောက်ထပ် လုပ်အားပေးဆရာ၊ ဆရာမ ၂၅ ဦး လိုအပ်နေသေးသည်။
“ဒီနေ့စပြီး ကျောင်းစဖွင့်နေပါပြီ။ ဆရာဆရာမတွေ မလောက်လို့ နေရာအနှံ့က ခရစ်ယာန်ဘာသာပေါင်းစုံကို တောင်းဆိုထားတာ ၈၅ ဦးရပြီ။ အရင်လုပ်အားပေးတွေနဲ့ ၁ဝတန်းအောင်တဲ့ ကျောင်းသားတွေကိုပါ လုပ်အားပေးဖို့ ပြောထားတယ်။ ဒီလိုင်ဇာ တစ်ဝိုက်တော့ လောက်ပြီ။ အရှေ့ပိုင်းတိုင်း မိုင်ဂျာယန်ဘက် ၂၅၊ ၃ဝ လောက် လိုသေးတယ်”ဟု ဆလန်ကမ္ဘား ယော်ဆောင်း (Yaw Sau)က ပြောသည်။
အဆိုပါ လုပ်အားပေးဆရာ၊ ဆရာများကို လိုင်ဇာမြို့ အနီးတဝိုက်မှ စစ်ပြေး ဒုက္ခသည်စခန်းများရှိ ကျောင်းများနှင့် ပန်ဝါ၊ ဖရေး စသည့် ဒေသများသို့ ပို့ဆောင်မည် ဖြစ်သည်။
ထို့ပြင် KIO၏ တပ်ရင်း ၃ဒေသရှိ ဇိုင်းအောင် စစ်ပြေးဒုက္ခသည်စခန်းတွင် လတ်တလော အခန်း ၆ခန်းပါ ကျောင်းဆောက်လုပ်ရန် လိုအပ်နေသည်ဟု သူက မဇ္ဈိမကို ပြောသည်။
“အခက်အခဲက ကျောင်းသားတွေ အခန်းပြည့်နေလို့ ကျောင်းထပ်ဆောက်ဖို့ လိုတယ်။ ကျောင်းသား ၃ဝ လောက်ပဲ ဆန့်တဲ့အခန်းမှာ ၆ဝ၊ ၇ဝလောက်နဲ့ စာသင်နေရတယ်။ စခန်းတိုင်းလို ထပ်ဆောက်ဖို့ လိုတယ်။ ဇိုင်းအောင်မှာလည်း ဒီနှစ် ခုနှစ်တန်းအထိ ဖွင့်မယ်ဆိုတော့ ကျောင်းဆောက်ဖို့ လိုနေတယ်”ဟု ဆလန်ကမ္ဘား ယော်ဆောင်က ပြောသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်က စတင်၍ ကျောင်းသူကျောင်းသားများ စတင်လက်ခံခဲ့ပြီး KIO နယ်မြေအတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းသူ ကျောင်းသားများအတွက် အခမဲ့ သင်ကြားပေးနေသည်ဟု သိရသည်။
“ကျွန်တော်တို့ Free Education လုပ်ထားတယ်။ စာအုပ်တွေက NGO ကနေ ပေးထားတယ်ဆိုတော့ ကျောင်းဝင်ကြေးကို မကောက်ခိုင်းဘူး”ဟု ဆလန်ကမ္ဘား ယော်ဆောင်း(Yaw Sau)က ဆက်ပြောသည်။
KIO ဒေသအတွင်းရှိ မူလတန်း ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၂ သောင်းခန့်ရှိပြီး အသုံးပြုမည့် သင်ထောက်ကူ ပစ္စည်းများ၊ ကျောင်းသုံး စာအုပ်များကို ငြိမ်းဖောင်ဒေးရှင်း(shalom)က ထောက်ပံ့မည်ဟု သူကဆိုသည်။
အစိုးရက ၂ဝ၁၄-၁၅ ခုနှစ် ပညာသင်နှစ်အတွက် ဇွန်လ ၂ရက်တွင် ကျောင်းများကို နေရာအနှံ့ ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း အစိုးရစစ်တပ်နှင့် KIA တပ်တို့အကြား စစ်ပွဲများကြောင့် ကချင်ပြည်နယ် ဝိုင်းမော်၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ မိုးမောက်၊ မန်စီ၊ နောင်မွန်း၊ ခေါင်လန်ဖူး စသည့်မြို့နယ်အတွင်းရှိ စာသင်ကျောင်းပေါင်း ၃၇ ကျောင်းကို ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ကချင်ပြည်နယ် ပညာရေးမှူး ဦးထူးမြင့်က မဇ္ဈိမကို ပြောဆိုထားသည်။
Mizzima
No comments:
Post a Comment