PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို တိုင်းရင်းသားနိုင်ငံရေး ပါတီ ၂၀ နဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ NBF ခေါင်းဆောင်တွေက ဒီကနေ့ ပြောပါတယ်။
နေပြည်တော် မောခမ်းနွံစားသောက်ဆိုင်မှာ NBF အဖွဲ့ဝင်တွေ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း NBF အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က အခုလိုပြောပါတယ်။
ဒါ့အပြင် NBF အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေက ပီအာ (PR) ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့အကြောင်း စုပေါင်းလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဆီကို တင်ပြဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
လာမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးပေးဖို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းတာဖြစ်ပြီး အဲ့ဒီအဆိုကို ကန့်ကွက်ဆွေးနွေးသူတွေရှိပေမဲ့ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများတဲ့အတွက် အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပြီး မကြာခင် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ကို ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်၊ ရခိုင်အမျိုးသားပါတီ၊ ချင်းအမျိုးသားတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ တအာင်းအမျိုးသားပါတီ ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီစတဲ့ တိုင်းရင်းသားပါတီ ၂၀ နဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။
Rfa
No comments:
Post a Comment