ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များ စက်တင်ဘာ ၁ ရက်က ပြန်လည်တူးဖော်ခွင့် ရရှိပြီဖြစ်သော်လည်း လုပ်ကွက်ဧရိယာ သတ်မှတ်ချက်မှတ်တိုင်များ မရှိသေးသဖြင့် လုပ်ငန်းမစတင်နိုင်သေးကြောင်း အောင်စည်းဇိမ် ကျောက်စိမ်းကျောက်မျက်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကြီးက ပြောသည်။
လုပ်ကွက် ဧရိယာများကို သတ်မှတ်ထားသည့် မှတ်တိုင်များ အချိန်မီမစိုက်ရသေးသဖြင့် စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အတွင်းမှသာ တူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်မည်ဟု ဦးအောင်ကြီးက ခန့်မှန်းပြောကြားသည်။
အဆိုပါ လုပ်ကွက်ဧရိယာများရှိ မှတ်တိုင်များ ပြန်လည်စိုက်ထူပေးရေးအတွက် တူးဖော်ရေးလုပ်ငန်းရှင်များက သတ္တုတွင်းဝန်ကြီးဌာနသို့ ပြီးခဲ့သည့် တစ်ပတ်အကြာက တင်ပြထားခဲ့သော်လည်း ယနေ့အထိ မှတ်တိုင်များ လာရောက်စိုက်ထူပေးခြင်းမရှိသေး၍ တူးဖော်ရန် လုပ်ငန်းရှင်များ အခက်တွေ့လျက်ရှိသည်။
သို့သော် နှစ်နှစ်နှင့် သုံးလ ရပ်နားထားသည့် လုပ်ကွက်များကိုမူ ရပ်နားထားရသည့်ကာလအတိုင်း သက်တမ်းတိုးဆောင်ရွက်ပေးနေကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
ကချင်ပြည်နယ်တွင် မြန်မာ စစ်တပ်နှင့် ကေအိုင်အေတို့ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များမှာ နှစ်နှစ်နှင့် သုံးလကြာ ရပ်နားထားရပြီး စက်တင်ဘာ ၁ ရက်တွင် လုပ်ကွက်များကို တူးဖော်ခွင့် ပြန်လည်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။
အချို့သော တူးဖော်ရေး လုပ်ငန်းရှင်များမှာ လုပ်သားလိုအပ်ချက်နှင့် စက်ယန္တရား စုဆောင်းမှုများမှာ စက်တင်ဘာ လလယ်ခန့်မှသာ ပြီးစီးနိုင်မည်ဖြစ်၍ တရားဝင်လုပ်ကွက်များ တူးဖော်ခွင့်ရရှိသည့်နေ့တွင် ချက်ချင်းတူးဖော်နိုင်ဦးမည်မဟုတ်ကြောင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းရှင်များက ပြောသည်။
7day
No comments:
Post a Comment