Saturday, August 16, 2014

ဖယ်ဒရယ်ပြည်ထောင်စု လက်ခံတဲ့အပြင် နောက်တစ်ချက်က ဘာကိုသဘောတူခဲ့လဲ

တိုင်းရင်းသားတွေအဓိကလိုလားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံ တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ကိစ္စကို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာ ချုပ်မှာထည့်သွင်းဖို့ အစိုးရဘက်ကလက်ခံလိုက်ပါပြီ။ တိုင်းရင်းသားတွေဘက်ကကော ဘာတွေသဘောတူခဲ့ ရလဲ။


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA မူကြမ်းထဲက အခြေခံမူတွေကို ရန်ကုန်မှာ သြဂုတ် ၁၅ရက်နေ့က စတင်ဆွေးနွေးခဲ့ပြီး ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့အချက် မြန်မာအစိုးရက သဘောတူ လက်ခံခဲ့ပါတယ်။ နောက်ထပ် ဘယ်အချက်ကိုရော လက်ခံခဲ့သလဲ။

မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်ကြတာမို့ တန်းတူရည်တူဆက်ခံဖို့နဲ့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးမချပါဘူးဆိုတဲ့ ကတိကိုလည်း မြန်မာအစိုးရဘက်က သဘောတူခဲ့တယ်လို့ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပြပါတယ်


ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မြန်မာအစိုးရဘက်က လက်ခံလိုက်တာကြောင့် ကျန်တဲ့ကိစ္စတွေ ဆက်ဆွေးနွေးဖို့ အခက်အခဲသိပ်မရှိပေမယ့် လုံးဝပြေလည်တဲ့အဆင့်အထိတော့ မရောက်သေးပါဘူးလို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။


မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပနေတဲ့ NCCT နဲ့ အစိုးရ၊ လွှတ်တော်နဲ့ မြန်မာစစ်တပ်တို့က ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC တို့ကြား အခြေခံမူတွေပါဝင်တဲ့ အခန်း ၁ကို ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဗိုလ်ချုပ်ကြီးမြင့်စိုးနဲ့ စစ်ဥပဒေချုပ် ဗိုလ်ချုပ်ကြီး ရဲအောင်တို့တက်ရောက်ခဲ့သလို တိုင်းရင်းသားတွေဘက်က နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွန်မော်၊ ပဒိုကွယ်ထူးဝင်းနဲ့ NCCT အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။


အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုအပြီး ပေါ်ပေါက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုင်းပြည်ခွဲထွက်ဖို့နဲ့ အချုပ်အခြာအာဏာကို ထိပါးစေမယ့် ကိစ္စကလွဲရင် ကျန်တဲ့ကိစ္စတွေကို ဆွေးနွေးဖို့ သမ္မတဦးသိန်းစိန်က လမ်းဖွင့်ထားတယ်လို့ ဦးအောင်မင်းက ပြောဆိုခဲ့ပြီး အစိုးရနဲ့ တိုင်းရင်းသားနှစ်ဖက်ကြား စိုးရိမ်မှုတွေကို လျှော့ချဖို့ လက်မှတ်ထိုးပြီးတာနဲ့ အကောင်အထည်ဖော်ရမယ့်အပိုင်းတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။


အပစ်အခတ်ရပ်စဲရေးဆိုတာ ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်းသာဖြစ်ပြီး ပြည်သူတွေ မျှော်လင့်နေတာက အပစ်ရပ်ပြီးနောက်ပိုင်း ပေါ်ပေါက်လာမယ့် ငြိမ်းချမ်းရေးအသီးအပွင့်တွေဖြစ်တာကြောင့် အရေးကြီးတဲ့ကိစ္စကို အကောင်အထည်ဖော်ရာမှာ အစကောင်းမှ အနှောင်းသေချာမှာမို့ အချိန်ယူနေရတာပါလို့ ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။


နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် မူဘောင်ချမှတ်ဖို့ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ သြဂုတ် ၁၈ရက်နေ့မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

Kamayut

No comments:

Post a Comment