ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက ပီလောပီနံစိုက်ဖို့ သိမ်းထားတဲ့ မြေယာဧက သောင်း ဂဏန်းနီးပါးထဲက လျော်ကြေးမပေးရသေးတဲ့ မြေ ယာတွေအတွက် လျော်ကြေးပေးဖို့ ရန်ကုန်မြို့က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ တောင်သူ ၁၆ ဦးကို ဗဟန်းမြို့နယ် ရဲစခန်းက တရားမ၀င် စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။
အမှုဖွင့်ခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဖားကန့်မြို့နယ်၊ ၀ါယာစုရွာက တောင်သူ ဦးတန်ဂွန်းက အခုလိုပြောပါတယ်။
ဖားကန့်နဲ့ တနိုင်းမြို့နယ်က တောင်သူ ၁၆ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့တာဖြစ်ပြီး အဲ့ဒီဆန္ဒပြပွဲအတွက် ခွင့်ပြုချက်တောင်းပေမယ့် ဗဟန်းမြို့နယ် ရဲစခန်းက ခွင့်မပြုခဲ့ဘူးလို့ တောင်သူတွေက ပြောပါတယ်။
အသိမ်းခံလိုက်ရတဲ့ လယ်မြေ၊ ယာမြေနဲ့ ဥယျာဉ်ခြံမြေတွေဟာ လီဒိုလမ်းမရဲ့ အနောက်ဘက်မှာရှိတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ယုဇနကုမ္ပဏီက သိမ်းဆည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
တောင်သူတွေဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းက ယုဇနကုမ္ပဏီကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ တရားစွဲဆိုရာ ဥယျာဉ်ခြံမြေ တစ်ဧကကို ကျပ် ၆ သောင်း၊ လယ် တစ်ဧကကို ကျပ် ၈ သောင်းနဲ့ ယာတစ်ဧကအတွက် ကျပ် ၄ သောင်းပေးဖို့ တရားရုံးက ဆုံးဖြတ်ပေးခဲ့ပါတယ်။ တရားရုံးက သတ်မှတ်ပေးလိုက်တဲ့ လျော်ကြေးတွေ ကို တောင်သူအများစုက လက်မခံခဲ့ဘူးလို့ သိရပါတယ်။
Rfa
No comments:
Post a Comment