Wednesday, June 25, 2014

မန်ဝင်း ရွာသားများကိုယ်တိုင် မူးယစ်ဆေးသမားများအား ဖမ်းဆီးကာ ပညာပေး

ဇွန်လ ၂၃ ရက်ရက်နေ့က ကချင်ပြည်နယ်ဗန်းမော်ခရိုင်ရှိ မန်ဝင်းရွာသားများသည် မိမိရွာအတွင်း မူးယစ်ဝါးသုံးစွဲသူအယောက် ၄၀ ကျော်ကို ဖမ်းဆီးကာ ပညာပေးခြင်းအစီအစဉ် တရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တစ်ရက်အတွင်း ၄င်းတို့ ဖမ်းမိထားကြသော ဆေးသမားများအား မူးယစ်ဆေးဝါးဆက်လက် မသုံးစွဲအောင် နှုတ်ကပတ်တော်ဟောပြောခြင်းနှင့်အတူ တချို့ကို ကြိမ်ဒဏ်ပေးကာ အားလုံးကိုပြန်လွတ်ပေးကြောင်း ရပ်ကွက် အသင်းတော်လူကြီး ဦးဇော်ဆိုင်း KNG ကချင်သတင်းဌာနသို့ ပြောသည်။

ဦးဇော်ဆိုင်းက “ရပ်ကွက် (၁) က ကချင်လူကြီးတွေနဲ့ လူငယ်တွေဦးဆောင်ပြီးတော့ သွားပြီး လိုက်လံဖမ်းချုပ်ကြရတဲ့အထဲမှာ ၄၆ ယောက်ကိုတော့ဖမ်းမိတယ်၊ အဲဒီလူများကို တရားဟောလွှတ်လိုက်တယ်။ တချို့ကိုကျတော့ ကြိမ်ဒဏ်ပေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါဟာ ဇွန်လ ၂၆ ရက်နေ့က ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ရတာဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။

၎င်းရွာသည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မည်သည့်အဖွဲ့အစည်းမှ ကောင်းမွန်စွာအုပ်ချုပ်နိုင်ခြင်းမရှိသည့် ကြားနေဒေသဖြစ်သောကြောင့် ဒေသခံများက ထိုသို့မန်ဝင်းရွာတွင် ပထမဦးစွာ ပြုလုပ်ရခြင်းလည်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဒေသခံပြည်သူများ လှုပ်ရှားသည့်အစီအစဉ်အပေါ် “KIO တွေ ပါဝင်ပတ်သက်မှုရှိမရှိ” မန်ဝင်း ရဲများ မေးမြန်းစုံစမ်းလာရာ ရပ်ကွက်လူကြီးများက “မပတ်သက်ကြောင်း၊ ဒေသခံပြည်သူတွေ သက်သက်သာ ပြုလုပ်ကြတာဖြစ်ကြောင်း” ရှင်းပြခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယခုချိန် မန်ဝင်းဒေသ၌ တစ်ဖက်တွင် အစိုးရနှင့် KIO ကြား စစ်ရေးတင်းမာမှုလည်းရှိနေပြီး၊ တစ်ဖက်တွင်မူ ၂၀၁၁ ခုနှစ် တိုက်ပွဲစဖြစ်ကတည်းက ဗန်းမော်-မန်ဝင်း လမ်းလည်းပိတ်နေသောကြောင့် အစိုးရ ရဲများ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား၊ သုံးစွဲသူများအား ဖမ်းဆီးအရေးယူပြီး ဗန်းမော်ထောင်သို့ပို့ဆောင်ရန် အခြေအနေမရှိကြောင်း ဒေသခံများပြောသည်။

ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့တွင်လည်း ဟောပြောပွဲအစီအစဉ်များ နှင့်အတူ ရပ်ကွက်အတွင်းသာမက မန်ဝင်းဒုက္ခသည်စခန်းတွင်လည်း ၀င်ရောက်ကာ မူးယစ်ဆေးဝါးသုံးစွဲသူများကို လိုက်လံဖမ်းဆီး၍ ပညာပေးဆုံးမမည့်အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဒေသခံပြည်သူများ ဦးဆောင်ပြီး ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ အစီအစဉ်ကို မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့ နှစ်နေရာ၌လည်း ကျင်းပသွားကြရန် ပြင်ဆင်နေကြောင်း သိရသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) ၏ ၂၀၁၃ အစီရင်ခံစာအရ မြန်မာပြည်သည် အာဖဂန်နစ်စတန် (Afghanistan) ပြီးလျင် ကမ္ဘာတွင် ဘိန်း ဒုတိယ အများဆုံး စိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်သည်ဟု ဆိုသည်။ မြန်မာပြည်တွင်း ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်သည် ဘိန်း အများဆုံးစိုက်ပျိုးသော နေရာဖြစ်ကြောင်း UNODC က ဖော်ပြထားခြင်းဖြစ်သည်။

Kng

Monday, June 23, 2014

ကချင်ဒုက္ခသည်ကလေးငယ်များအတွက် မူကြိုတတ်ရန် အခက်အခဲရှိနေ။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့  နယ် မိုင်းနားနှစ်ခြင်းစစ်ရှောင်တိမ်းစခန်းတွင် နေထိုင်နေသည့် မူကြို တက်မည့် ကလေးငယ် (၈၀)ကျော်အတွက် မူကြိုတတ်ရန် အခက်အခဲ ရှိနေကြောင်း စခန်းတာဝန်ခံ ဦးခေါင်ဒေါင်က ပြောသည်။

စခန်းတာဝန်ခံ ဦးခေါင်ဒေါင်က “ အပြင်မူကြိုမှာက မိဘတွေ တတ်နိုင်တယ်၊ဒီမှာက မိဘတွေလည်း IDP ဆိုတော့ ၀င်ငွေမရှိဘူး။အားလုံးက သူလိုကိုယ်လို ပဲဆိုတော့ အာဟာရ ဘယ်သူမှ မကျွေးနိုင်ဘူး” ဟုပြောသည်။

IDP စခန်းတွင် နေရာထိုင်ခင်း ကြပ်တည်းမှုများ၊ မူကြို ဆောက်ရန် အဆောက်အအုံ တည်နေရာ မရှိခြင်း၊ ကလေးငယ်များ ဆော့ကစားရန် မြေနေရာမရှိသည့် အတွက် ပြွတ်သိပ်စွာ ဆော့ကစား နေရကြောင်း၊ ကလေးငယ်များအတွက် သင်ထောက်ကူ ပစ္စည်းများ မရှိကြောင်း၊ မိဘများ ၀င်ငွေမရှိသည့်အတွက် ကလေးငယ်များအာ ဖြည့်စွက်အာဟာရ မကျွေးနိုင်းခြင်း စသည့် အခက်အခဲများရှိနေကြောင်း ပြောသည်။

ထိုနောက် ၄င်းက “ မူကြိုကျောင်းလို့သာ ပြောနေတာ၊အမှန်တကယ်ဆိုရင် ကလေးထိန်းဂေဟာ ပဲဖြစ်နေတယ်” ဟုပြောသည်။

လစဉ်ကြေးအဖြစ် ကလေးတစ်ဦးလျှင်(၅၀၀၀)ကျပ်၊ ဆန်(၂)ပြည်နှင့် အာဟာရကြေးတို့ ထည့်ရကြောင်း မိုင်းနား ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ဒေါ်ခင်ထွေးနန်းကပြောသည်။

၂၀၁၃ ခုနစ်တွင် မူကြို အာဟာရကြေးအဖြစ် တစ်လလျှင် ၁၀၀၀ ခန့်ထည့်ရကြောင်း “ တစ်ထောင်ဆိုတာတော့ အဲဒီတစ်ထောင်နှုန်းထားနဲ့ ကလေးတွေကို ငါးဆယ်တန်မုန့်တော့ ကျွေးနိုင်တာပေါ့” ဟုပြောသည်။
ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အတွက် ၀င်ငွေမရှိကြောင်း နေ့စားသွားရောက်လုပ်ကိုင်မည် ဆိုပါက နေ့တိုင်း မရှိသည့်အတွက် ၀င်ငွေပုံမှန်မရှိသောကြောင့် ကလေးငယ်များ အာဟာရချို့ တဲ့သည့် အတွက် ပညာသင်ကြားရတွင် အခက်အခဲနှင့် ကြုံနေရကြောင်း ပြောသည်။

ဒုက္ခသည်စခန်းရှိ မူကြိုအပေါ်တွင် “ မူကြိုလုံးဝမရှိတာ ထက်စာရင် ရှိတာကတော့ ကောင်းတာပေါ့၊ ဒါပေမဲ့ သူများနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ အများကြီး နောက်ကျတယ်” ဟုပြောသည်။

၂၀၁၃ ခုနစ်တွင် မူကြိုကလေးငယ်(၉၀)ကျော်ကို ဆရာမ (၃)ဦးဖြင့် သင်ကြားနိုင်ခဲ့ကြောင်း၊ ဆရာမ၏ လခကို ၀ိုင်းမော်နှစ်ခြင်းဇုံနယ်နှင့် စခန်းကော်မတီတို့မှ တာဝန်ယူကာ တစ်လလျှင် (၃၀၀၀၀)နှုန်းဖြင့် လုပ်ဆောင်က မူကြို ကို လည်ပတ်နေရကြောင်း စခန်းတာဝန်ခံကပြောသည်။
မိုင်းနား စစ်ရှောင်စခန်းတွင် ဒုက္ခသည်ဦးရေ (၂၀၀၀)ကျော်ခန့် နေထိုင်နေကြောင်းလည်း သိရသည်။

Kackin waves

Saturday, June 21, 2014

၂၁ ရက် ဇွန်လ၂၀၁၄ နမ်းခမ်းမြို့နယ် မာန်အောင်ရွာတိုက်ပွဲ​နောက်​ဆက်​တွဲသတသင်း

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ မာန်အောင်ရွာအနီးတွင် ယနေ့ ဇွန်လ၂၁ ရက်နေ့ နံက်၀၄း၃၀ မှ ၀၅း၁၅ နာရီချိန်ထိ TNLA တပ်ရင်း (၄၇၈)နှင့် မြန်မာ့တပ်မတော် တို့ နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ တပ်မ(၈၈) တပ်ဖြစ်ပြီး ၊ ထိုတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ (၅) ဦး ကျဆုံးသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

PR စနစ်ကို တိုင်းရင်းသားပါတီတွေ ကန့်ကွက်ဆန္ဒပြမည်

PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို တိုင်းရင်းသားနိုင်ငံရေး ပါတီ ၂၀ နဲ့  စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ NBF ခေါင်းဆောင်တွေက ဒီကနေ့ ပြောပါတယ်။

နေပြည်တော် မောခမ်းနွံစားသောက်ဆိုင်မှာ NBF အဖွဲ့ဝင်တွေ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း NBF အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က အခုလိုပြောပါတယ်။

ဒါ့အပြင် NBF အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေက ပီအာ (PR)  ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့အကြောင်း စုပေါင်းလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဆီကို တင်ပြဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးပေးဖို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းတာဖြစ်ပြီး အဲ့ဒီအဆိုကို ကန့်ကွက်ဆွေးနွေးသူတွေရှိပေမဲ့ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများတဲ့အတွက် အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပြီး မကြာခင် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ကို ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်၊ ရခိုင်အမျိုးသားပါတီ၊ ချင်းအမျိုးသားတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ တအာင်းအမျိုးသားပါတီ ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီစတဲ့ တိုင်းရင်းသားပါတီ ၂၀ နဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။

Rfa

နမ်းခမ်းမြို့နယ် မာန်အောင်ရွာတွင် မြန်မာ့တပ်မတော်နှင့် တအာင်းတပ်မတော် တိုက်ပွဲဖြစ်


တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ မာန်အောင်ရွာအနီးတွင် ယနေ့ ဇွန်လ၂၁ ရက်နေ့ နံက်၀၄း၃၀ မှ ၀၅း၁၅ နာရီချိန်ထိ TNLA တပ်ရင်း (၄၇၈)နှင့် မြန်မာ့တပ်မတော် တို့ နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မာန်အောင်ရွာဝန်းကျင်တွင် ယာယီအခြေစိုက်လှုပ်ရှားနေသည့် တအန်းတပ်မတော်ကို မြန်မာ့တပ်မတော်မှ
အလစ်ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်သည်။ မြန်မာ့တပ်ဘက်မှ တပ်ရင်းကို အတည်မပြုနိုင်သေးပါ။

တိုက်ပွဲတွင် နှစ်ဘက်ထိခိုက် ကျဆုံးမှုမသိရှိရသေးပါ။ ယခုသတင်းရေးသားသည့်အချိန်ထိ အပြန်အလှန်စောင့်ကြည့်နေသည့် အနေအထားရှိသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းကို ဆက်လက်ပြီး တင်ပြပေးသွားပါမည်

သတင်းနှင့်ပြန်ကြားရေးဌာန

Friday, June 20, 2014

မူဆယ်တွင် အစိုးရတပ်သား တဦးက ဒေသခံကို သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နောင်လောင်း ကျေးရွာအုပ်စုရှိ နမ့်စမ့် ဂိုဒေါင် ကျေးရွာတွင် အစိုးရ စစ်တပ်မှ တပ်သား တဦး က ကျေးရွာသား တဦးကို သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နမ့်စမ့်ဂိုဒေါင် ကျေးရွာတွင် တပ်စခန်းချရန် ရောက်ရှိလာသည့် အစိုးရ တပ်မ ၈၈ လက် အောက်ခံ ခြေလျင် တပ်ရင်း (ခလရ) ၁၀ မှ တပ်သား တဦးက ဇွန် ၁၇ ရက် ညပိုင်းတွင် ယင်းကျေးရွာ၌ ကုန်စုံဆိုင် ဖွင့်ထားသည့် ဦးဘရန်ဆိုင်း နေအိမ်သို့ ဝင်ရောက်ပြီး ဇနီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြိုးစားစဉ် ခင်ပွန်းဖြစ်သူက ဝင်ရောက် တားဆီးရာမှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း နောင်လောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းပန်ဖက ဧရာဝတီသို့ ပြောသည်။

“စစ်တပ်က ဆိုတာ သေချာတယ်။ သူတို့ရဲ့ ဒု ဗိုလ်မှူး ရဲမင်းလွင်တောင် လျော်ကြေးငွေ ကျပ် ၅ သိန်း လာပေးပြီး အမှုပိတ်ဖို့ ပြောပါတယ်။ ဒါပေမယ့် မယူပါဘူး။ ဦးဘရန်ဆိုင်းလည်း သေရော သူ့မိန်းမ သွေးတိုးပြီး မူဆယ် ဆေးရုံ တင်ပေး လိုက်ရတယ်”ဟု ဦးစိုင်းပန်ဖ က ဆက်ပြောသည်။

ခလရ ၁၀ တပ်သည် လက်ရှိအချိန်တွင် နောင်လောင်း ကျေးရွာအုပ်စုရှိ နမ့်စမ့်ဂိုဒေါင် ကျေးရွာတွင် တပ်စခန်းချရန် ဇွန် ၁၃ ရက် က ကျေးရွာသားများအား ပြောဆိုခဲ့သည်ဟု သိရသည်။

နောင်လောင်းကျေးရွာ အုပ်စုတွင် ကျေးရွာ ၈ ရွာရှိပြီး အဆိုပါတပ်စခန်း တည်ထောင်ရာ၌ အသုံးပြုရန် ခလရ (၁၀) တပ်က ကျေးရွာများမှ ရွာသားများကို တရွာလျှင် သစ်သား အချောင်း ၂၀ နှင့် ဝါးလုံး ၅၀ လာရောက် ပို့ဆောင်ခိုင်းသည်ဟု ဒေသခံ တချို့က ဧရာဝတီကို ပြောသည်။
စစ်တပ်က ရွာသားများကို အနိုင်ကျင့်ပြီး ပစ်သတ်သည့် အပြင် ကျေးရွာပိုင် ပစ္စည်းများကို လုယက်ယူမှုများ ပြုလုပ်လာသဖြင့် ဒေသခံ ရွာသားများ စိုးရိမ်စိတ်ဖြင့် နေထိုင်ကြရကြောင်း နောင်လောင်းကျေးရွာ ဒေသခံတဦးဖြစ်သည့် ဦးစိုင်းအောင် က ဧရာဝတီကို ပြောပြသည်။

“အခုထိ တရားခံကို အရေး မယူသေးဘူး။ ရွာထဲမှာပဲ ရှိသေးတယ်။ ဒီလ ၁၁ ရက်ကလည်း ရွာက အိမ်တအိမ်ကို ဖောက်ထွင်းပြီး တရုတ်ငွေ ယွမ် ၃၀၀၀ ယူသွားတယ်။ မေ ၂၉ ရက်ကလည်း သူတို့ကြောင့် ရွာသား တယောက် သေသွားတယ်။ တပ်တွေလာတဲ့ အတွက် လုံခြုံမှု ဘာမှမရှိဘူး”ဟုလည်း ဦးစိုင်းအောင်က ဆိုသည်။

ယင်းကိစ္စများနှင့် ပတ်သက်ပြီး စစ်တပ်မှ တာဝန်ရှိသူများက ကျေးရွာကို လာရောက် တောင်းပန်ခြင်း၊ အမှုရုပ်သိမ်းပေးရန် အတွက် ငွေကြေးများ လာရောက် ပေးအပ်ပြီး တပ်သားများ ကျေးရွာသို့ လာရောက်ကာ ပစ္စည်းနှင့် ငွေကြေးများ တောင်းပါက ပေးစရာ မလို ကြောင်း ယင်းစစ်တပ်မှ ဒုဗိုလ်မှူး ရဲမင်းလွင်က ရွာသားများအား ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်က မူဆယ်မြို့နှင့် နမ့်ခမ်းမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းတွင် အစိုးရ စစ်တပ်၏ လက်ချက်ဟု ယူဆရသည့် ပစ်ခတ်မှုကြောင့် နမ်စမ့်ကျေးရွာ ဒေသခံ ဖြစ်သူ ဦးအားရှန် အသက် ၄၂ နှစ် နှင့် ဒေါ်နန်းအေးဌေး အသက် ၃၆ နှစ် တို့ သေဆုံးခဲ့ရသည်ဟုလည်း ဦးစိုင်းအောင်က ပြောပြသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းငွေငွေက “ကျမ သက်ဆိုင်ရာဝန်ကြီးကို အကြောင်းကြားထားပါတယ်။ စစ်တပ်ပိုင်းဆိုင်ရာ ဆိုတော့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ လူသတ်မှုပါ။  ကိုယ့်လူကို သေချာထိန်းဖို့ တပ်ပိုင်းဆိုင်ရာကို အကြောင်းကြားထားပါတယ်။ အခုက လူထု အရမ်းနစ်နာ ပါတယ်။ ဥပဒေအတိုင်း သွားရမှာပါ”ဟု ဧရာဝတီကို ပြောသည်။

မူဆယ်မြို့ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တဦးကလည်း နောင်လောင်းကျေးရွာမှ ရွာသားတဦးကို စစ်တပ်မှ တပ်သားက သေ နတ် နှင့် ပစ်သတ်သည်မှာ မှန်ကန်ကြောင်း၊ အမှုလည်း ဖွင့်ထားကြောင်း ပြောဆိုသည်။



မြန်မာ့တပ်မတော်မှ လွယ်ဆာကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် လွယ်ဆာကျေးရွာ တစ်ရွာလုံး ထွက်ပြေးခဲ့ရ

တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ လွယ်ဆာကျေးရွာနှင့် မင်းကုန်းကျေးရွာ ကြားတွင် ဇွန်လ ၁၈ ရက်နေ့ နေ့လည် ၁၂း၂၀ မှ ၁၂း၅၀ နာရီ အချိန်ထိ တအာင်းတပ်မတော်(TNLA)ဗျူဟာ(၂) ကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း(၅၂၇) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ဖြစ်ပွါးသော နှစ်ဘက် ရင်ဆိုင်တိုက်ပွဲအပြီးတွင် မြန်မာ့တပ်မတော်မှ ရန်သူမရှိဘဲ ကျေးရွာလူထုသာ နေထိုင်သော လွယ်ဆာကျေးရွာ အတွင်းသို့ လက်နက်ကြီး (၅)လုံး ပစ်ခတ်ရာ တစ်လုံးမှာ ဦးအိုက်ကြွယ်နေအိမ်အား ထိမှန်မီးလောင်ပျက်စီးသွားခဲ့သည်။
ထိုသို့ပစ်ခတ်မှုကြောင့် ရွာသားများကျေးရွာအတွင်း မနေ၀ံ့တော့ဘဲ တစ်ရွာလုံး ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ 
ယခုလ(ဇွန်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့)အထိ (၄) ရက်သာကာလအတွင်း၌ တိုက်ပွဲဖြစ်ပွားမှုမရှိခြင်း၊ ရန်သူကျေးရွာအတွင်းမရှိဘဲ ကျေးရွာအတွင်းသို့ မြန်မာ့တပ်မတော်မှ အပြစ်မဲ့ပြည်သူလူထုကို ဦးတည်ပြီး လက်နက်ကြီးများ ပစ်ခတ်ခြင်းသည် (၃) ကြိမ်မြောက် ပစ်ခတ်ခြင်းဖြစ်ပြီး လူနေအိမ် (၃)လုံး ပျက်စီးခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

Myen Dap Ni Tinang KIA Ni Nga Ai Sara De Sinant Kaba Gap Bun

Jung 18, 2014 ya shani 2:00pm ten ram hta KIA Masat (5) Dap Ba npu Masat (18) Dap Dung ginra Nam San Yang makau Dum Bang Bum kaw dung ai Myen dap ni gaw tinang KIA ni shara la nga ai Hka La Yang Kanoi Sun maga de 60mm motor (3) lang gap bun ai lam na chye lu ai. Tinang KIA Maga na kadai mung hpa nra ai lam shiga matut na chye lu ai. Dum bang Bum gaw Laiza hte Deng (10) ram sha tsan ai shara rai nna ya yang Myen asuya dap Dap Nu (33) ni shara la nga ai re lam na chye lu ai.

Myutsaw kasa

၂ဝ၁၄ ပထမနှစ်လအတွင်းဖမ်း မိမှောင်ခိုသစ် ဆယ်ဆ မြင့်တက်

မန်မာနိုင်ငံမှာ ဒီနှစ် ၂ဝ၁၄ ဘဏ္ဍာရေးနှစ် ပထမနှစ်လ အတွင်း တရားမဝင် ခုတ်လှဲထုတ်ယူခဲ့တဲ့ သစ်တန်ချိန် တစ်သောင်းခွဲကျော် ဖမ်းဆီးမိခဲ့ပါတယ်။

အဲဒီ ပမာဏဟာ ပြီးခဲ့တဲ့နှစ် ပထမနှစ်လအတွင်း ဖမ်းမိခဲ့ တဲ့ မှောင်ခိုသစ် ပမာဏထက် ဆယ်ဆ မြင့်တက်ခဲ့တယ် လို့ အစိုးရ အရာရှိတစ်ဦးက ပြောဆိုကြောင်း ထိုင်းနိုင်ငံ ထုတ် နေးရှင်း သတင်းစာက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံ ရဲ့သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းကာကွယ် တဲ့အနေနဲ့ သစ်ခွဲသား ထုတ်လုပ်တင်ပို့မှုကို သုံးပုံတစ် ပုံလျှော့ချမယ်လို့ အစိုးရက ကြေညာခဲ့ပြီး တစ်လ မပြည့် ခင်မှာ အခုလို သစ်တန်ချိန် တစ်သောင်းခွဲ ကျော် ဖမ်းဆီး မိခဲ့တဲ့ သတင်းပေါ်ထွက်လာခဲ့တာပါ။

သစ်မှောင်ခိုထုတ်ယူမှုဟာ  စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်တွေမှာ အဓိက ဖြစ်ပွားနေ ပါတယ်။ အစိုးရစာရင်းဇယားတွေအရ မနှစ်က တရားမဝင် သစ် လုံးတွေနဲ့ သစ်အချောထည် တန်ချိန် သုံးသောင်း ရှစ်ထောင် ဖမ်းဆီးမိခဲ့ရာမှာ ကျွန်းသစ်တန်ချိန် ငါးထောင် ပါဝင်ခဲ့ပါတယ်။

မနှစ်က ကျွန်းသစ်တန်ချိန် ကိုးသောင်းကျော် ခုတ်လှဲခဲ့ရာက၊ ဒီနှစ် ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂ဝ၁၅ မတ်လ အထိ တန်ချိန် ခြောက်သောင်းသာ ထုတ်ယူမယ်လို့ အစိုးရက ပြောဆိုခဲ့ပါတယ်။

အစိုးရရဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းဧရိယာဟာ ၁၉၉ဝ ပြည့်နှစ်မှာ နိုင်ငံရဲ့ ၅၈ ရာနှုန်း ရှိခဲ့ရာက၊ ၂ဝ၁ဝ ပြည့်နှစ်မှာ ၄၇ ရာနှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

Rfa

Thursday, June 19, 2014

KIA တပ်မဟာ (၃) မှ ဂွန်ငူယာန် ရှေ့တန်းစခန်း တခုဆုတ်ခွာရ

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃) လက်အောက်ခံ ဗန်းမော်ခရိုင် အူလန်ပါ တိုက်နယ်ရှိ တပ်ရင်း (၂၇)၏ ရှေ့တန်း စခန်း တခု ဖြစ်သည့်ုဂွန်ငူယာန် (Gawk Ngu Yang Post ) စခန်းသည် အစိုးရ တပ်မ (၈၈) စစ် ကြောင်း များ၏ (၂)ကြိမ်တိုင် ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် ဇွန်လ (၁၇) ရက် နေ့ ည(၉)နာရီတွင် ဆုတ်ခွာ ခဲ့ရ ကြောင်း KIA စစ်ရုံးချုပ် သတင်းမှ ဆိုပါ သည်။

အဆိုပါ စခန်းအား ဇွန်လ(၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် တကြိမ်နှင့် ညနေ (၆)နာရီမှ ည(၈)နာရီခွဲ အထိ တကြိမ် လက်နက်ကြီး အင်အား သုံးပြီး KIA နှင့် ပြင်းပြန်းထန်ထန် အပြန်အလှန် တိုက်ခဲ့ ခဲ့ ပြီးမှ ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်ဟု KIA ဖက်က ဆိုပါ သည်။

ဤကဲ့သို့ စခန်းသိမ်းပြီး ၀င်ရောက် တိုက်ခိုက်ခဲ့ ခြင်းကို မြောက်ပိုင်းတိုင်း အရာ ကြီးတဦးသည် KIA တပ်ရင်း (၁၂)နှင့် တပ်ရင်း(၂၇) တပ်များက ၄င်းတို့အား ပစ် ခတ်ခြင်း ကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါ သည်။ ‘‘ပုံမှန် အ တိုင်းသွား လာ နေတဲ့ ကျွန် တော်တို့ စစ်ကြောင်းတွေ ကို ရွာဘေး ကနေ ထွက်ပစ် လို့ဖြစ်တာပါ။သွားရောက်ပြီး တော့မှ ရည်ရွယ် ချက်နဲ့ တိုက်တာ မျိုးမဟုတ်ပါ ဘူး’’ဟုမြောက်ပိုင်းတိုင်း ထိပ်တန်း တပ်မတော် အရာရှိတစ်ဦးက ပြန်လည် ဖြေကြား ခဲ့ကြောင်း ဇွန်လ (၁၇)ရက်နေ့ထုတ် (7) Day သတင်းတွင် ဖေါ်ပြထားပါသည်။

KIA တပ်မဟာ (၃) နယ်မြေ တပ်ရင်း (၁၂) နှင့် တပ်ရင်း (၂၇) ဧရိယာတွင် တပ်မ (၉၉) နေရာတွင် တပ်မ(၈၈) စစ် ကြောင်းများ ပြောင်းလဲ တာဝန်ယူလာရာမှ စတင်တိုက်ခိုက် လာခြင်းဟု ဆိုပါသည်။ ဧပြီလ သင်းကြန်ကာလ တပတ် ကြာ စစ်ဆင် ရေးတွင် တပ်မ(၉၉) စစ်ကြောင်း များနှင့် ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာန ချုပ် (စကခ) စစ်ကြောင်းများက အဓိကအင်အား အဖြစ် စစ်ဆင်ခဲ့ပါသည်။

အစိုးရတပ်များသည် မေလတွင် စစ်ဆင်ရေး ရပ်ထားရာမှ ယခုဇွန် (၁၅)ရက်နေ့မှ စပြီး ပြန်လည် စတင်လာသည်ဟု ဆိုရပေမည်။ စစ်ဆင်မှု ပြန်လည် စတင်လာ သည်နှင့် လူ့အခွင့်အရေး ချိုးဖေါက်မှု များလည်း ဖြစ်လာခဲ့ပေသည်။ ပြီး ခဲ့ သည့် ဇွန်လ(၁၆)ရက် မနက် (၅း၀၀)နာရီ အချိန်တွင် တပ်ရင်း (၁၂) ဧရိယာရှိ မုန်ဒိန် ပါ ကျေးရွာ ရပ်ကွက် (၃) တွင်နေထိုင်သူ ကလေး(၅) ယောက် ဖခင် အင်ဗျန် ဂမ်ရှောင်(အသက် ၄၄ နှစ်)အား  ခမရ (၃၁၈) တပ်ဖွဲ့မှ ပစ် သတ်ခဲ့ကြောင်း ဒေသခံ ရွာသားများမှ ဆိုပါသည်။

အင်ဗျန် ဂမ်ရှောင်သည် မန်ဂျယ် ဒုက္ခသည် စခန်း တွင် နေထိုင်ပြီးမိမိအိမ်ရှိရာ မုန်ဒိန်ပါ ကျေးရွာသို့  ဆိုင်ကယ်ဖြင့်ပြန်လာစဉ် လမ်းခရီး တနေ ရာ၌အစိုးရ ခမရ (၃၁၈) တပ်ဖွဲ့ ဝင်များ နှင့် တိုးပြီးစစ်ဆေး မေးမြန်းမှု မရှိဘဲပစ်သတ် လိုက်ကြောင်း မုန်ဒိန်ပါ ဒေသခံများ မှ ဆိုပါသည်။

ဤကဲ့သို့ ပစ်ခတ် လိုက်သည့် အပြင် ခမရ (၃၁၈) စစ်ကြောင်းများ သည်မုန်ဒိန်ပါ ကျေးရွာ ထဲ သို့ ဝင်ရောက်လာပြီးတစ်အိမ်တက်ဆင်းမွှေနှောက်ရှာဖွေ ခဲ့ ရာ ကျေးရွာ အသင်းတော်၏ ဘာသာရေး ဆရာမ(၂)ဦး အား သေနတ်ဖြင့်ချိန် ရွယ် ခြိမ်းခြောက် စစ်ဆေး ခဲ့သည်ဟုဒေသခံများမှဆိုပါသည် ။

ထို့အပြင် စစ်ဆင်ရေး အသစ် ၀င်ရောက် လာသော တပ်မ(၈၈) လက်အောက်ခံ တပ်ရင်း (၇၇) တပ်ရင်းမှူးသည် ရှမ်း ပြည်မြောက်ပိုင်း KIA, တပ်မဟာ(၄) ဒေသ မုံန်ပေါ် ၊ မိုင်ဖန်ကျေးရွာ သို့ ရောက်ရှိ စဉ် ကျေးရွာ လူထုအား ခေါ်ယူပြီး ၄င်းတို့ ၏ ရဲ ဘော်များမှ ကျူးလွန် သော မုဒိမ်းမှု ၊ ခိုးမှု၊လုယှက်မှု နှင့် ဘယ် လူ့အခွင့် အရေး ချိုးဖေါက်မှု မျိုးကို မျှတာဝန်ယူမည် မဟုတ် ကြောင်း၊ သို့ကြောင့် မည်သူမျှ လာရောက် တိုင်းတန်းခြင်း မပြု ကြရန် ပြောကြားခဲ့ သည်ဟု ဒေသခံ ရွာ သားများမှ ဆိုပါသည်။

အလားတူ မုံးကိုးအုပ်စု၊ Gawn Sam ကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာ သို့ရောက်ရှိနေ သော အစိုးရ စစ်တပ် တပ်မ (၈၈) လက်အောက် ခံ ခမရ (၄၁၅) စစ်ကြောင်း များသည် ရွာသားများအား ကျေးရွာ အပြင်သို့ ထွက်ခွင့် မပြုကြောင်းဤကဲ့သို့ ပိတ်ပင် လိုက်သဖြင့် လယ်ယာ စိုက်ပျိုးရေး များ၌ထိခိုက်ေ နပြီး ဖြစ်ေ ကြာင်း  ဒေသခံများက ဆိုပါသည်။

Phophtaw news

တအာင်းတပ်မတော်(TNLA) နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်ပွါး မြန်မာ့တပ်မတော် (၃) ဦးကျဆုံး

တအာင်းဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်လုံး ကျေးရွာအုပ်စု၊ မန်လုံး ကျေးရွာနှင့် တာလက် ကျေးရွာကြားတွင် ယနေ့ ဇွန်လ ၁၉ ရက် ညနေ (၁၆း၂၀) နာရီ အချိန်တွင် တအာင်းတပ်မတော်(TNLA)ဗျူဟာ(၂) ကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း(၅၂၇) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။
တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ (၃) ဦး ကျဆုံးသည်။
၂၀၁၄ ခုနှစ် ဇွန်လ အတွင်း (ယနေ့အထိ) တအာင်းတပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် တိုက်ပွဲပေါင်း (၁၄)ကြိမ် ဖြစ်ပွါးခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA


ရှမ်းမြောက် ဒုက္ခသည်စခန်းများတွင် အကူအညီ အရေးတကြီး လိုအပ်

ရှမ်းပြည်နယ်မြောက်ပိုင်း ဒုက္ခသည်စခန်းတွေမှာ အမိုးအကာနဲ့ ကျောင်းသုံးပစ္စည်းတွေ အရေးတကြီး လိုအပ်နေတယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ကေအိုင်အေစစ်တပ်နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ဒုက္ခသည်စခန်း အသစ်တွေ ထပ်တိုးလာပြီး အခုချိန်ဟာ ကျောင်းဖွင့်တဲ့အချိန် ဖြစ်သလို မိုးတွင်းကာလ ဖြစ်တဲ့အတွက် အမိုးအကာနဲ့ ကျောင်းသုံးပစ္စည်းတွေ အရေးတကြီးလိုအပ်နေတာပါ။

အက်ရှင်တိုင်းဖောင်ဒေးရှင်း အတွင်းရေးမှူး ဣနြေ္ဒနေနွယ်က “မိုးတွင်း လောလောဆယ် လိုအပ်တာ အမိုးအကာပေါ့။ ကလေးအတွက် ထီးတို့၊ မိုးကာတို့ လိုတယ်။ နောက် ကျောင်းသုံးနဲ့ ဆိုင်တဲ့ ပစ္စည်း အကုန်လုံး လိုတယ်။ အဲဒါတွေက ဘာမှ မရှိဘူး” လို့ ပြောပါတယ်။

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်၊ ရွှေသံစဉ်ဂီတဖောင်ဒေးရှင်နဲ့ အက်ရှင်တိုင်းဖောင်ဒေရှင်းတို့ အဖွဲ့ ၃ ဖွဲ့ဟာ ရှမ်းပြည်နယ် မူဆယ်မြို့နဲ့ ကချင်ပြည်နယ် နမ့်ခမ်းမြို့နယ်တ၀ိုက်မှာ ရှိတဲ့ ဒုက္ခသည်စခန်း ၇ ခုကို လမ်းခရီးတလျှောက်မှာ ဂီတနဲ့ ဖျော်ဖြေပြီး အလှူခံလို့ရတဲ့ ကျပ်ငွေ သိန်း ၃၃၀ ကျော်ကို လှူဒါန်းခဲ့ကြပါတယ်။

ပြည်တွင်းစစ်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေဟာ စခန်းတွေမှာ ၀င်ရောက်ခိုလှုံပြီး အခတ်အခဲများစွာနဲ့ ကျောင်းတက်နေကြတဲ့ကလေးတွေအတွက် လက်တလော လိုအပ်တဲ့ပစ္စည်းတွေကို ၀ယ်ပြီး လှူဒါန်းခဲ့ရတယ်လို့ ရွှေသံစဉ် ဂီတဖောင်ဒေရှင်းက ဦးဝင်းမော်က ပြောပါတယ်။
“မူဆယ်မှာကတည်းက ဒုက္ခသည်စခန်းတွေ ရှိနေပြီ။ မူဆယ်မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကိုလည်း ကျနော်တို့ ၀င်ခဲ့တယ်။ စခန်းတာဝန်ခံနဲ့ တိုင်ပင်ပြီးတော့ အရေးပေါ်လိုအပ်ချက်တွေ မေးတော့ မိုးတွင်းဖြစ်တဲ့အတွက် ကျနော်တို့ပါမသွားတဲ့ဟာက ဘာလဲဆိုတော့ ကလေးတွေ ကျောင်းတက်ရာသီ ဖြစ်တဲ့အတွက် ထီးတို့၊ မိုးကာတို့ အဲဒါတွေကို စခန်းတာဝန်ခံဆီက သိရတော့ ချက်ချင်း အလှူငွေထဲကနေ ရွှေလီကို လှမ်းမှာပြီးတော့ ထီးတို့ မိုးကာတို့ကို အယောက် ၁၀၀၀ စာ ၀ယ်ပေးခဲ့ပါတယ်။”
ဒုက္ခသည်တွေနေတဲ့စခန်းတွေဟာ ယူအန်အိပ်ခ်ျစီအာက လှူထားတဲ့ မြေစိုက်တဲတွေ ဖြစ်နေတဲ့အတွက် မိုးရွာရင် နေဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဒုက္ခသည် ဒေါ်ခွန်ဆန်းက ပြောပါတယ်။

“၀ါးထရံလုပ် ခင်းပြီးမှ နေမလားလို့။ ဒီအတိုင်းနေလို့မရဘူး။ တအားစိုတာ။ ရေထွက်လာတယ်။”

၂၀၁၁ ခုနှစ် ဇွန်လမှာ စတင်ပြီး မြန်မာစစ်တပ်နဲ့ ကေအိုင်အေတပ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်နေတဲ့ ဒုက္ခသည်တွေက ၁ သိန်းဝန်းကျင်လောက် ရှိနေပါတယ်။


KNU/ KNLA တံဆိပ်ပါ လိုင်စင်မဲ့ကားများ ပြည်မြို့တွင် ဖမ်းဆီး

ယာဉ်နှင့်ပတ်သက်သည့် သက်သေအထောက်အထား တစ်စုံတစ်ရာ မပြနိုင်သည့် KNU/KNLA တံဆိပ်ပါ လိုင်စင်မဲ့ကား နှစ်စီး ဇွန် ၁၇ ရက်က ပြည်မြို့တွင် ဖမ်းဆီးရမိခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

နံနက် ၁၁ နာရီ ၄၅ အချိန်က ပြည်န၀င်းရပ်ကွက်၊ သံတစ်ချောင်းလမ်း၊ ယဉ်ကျေးမှုခန်းမရှေ့တွင် ရွာဘဲ ရပ်ကွက်၊ မူယာပင်ရပ် ဗိုလ်ချုပ်လမ်းနေသူ ဦးအေးကြူ မောင်းနှင်လာသည့် KNU/KNLA PC 7D/0182 TOYOTA MARK II ခဲမဲရောင်ကားကို ယာဉ်ထိန်းရဲက စစ်ဆေးခဲ့သည်။

အဆိုပါယာဉ်သည် အင်ဂျင်အမှတ် (၁၁၀၆၈၁၃) ဘောင်အမှတ် (ဲဇဌ၁၁၀-၆၀၁၄၃၈၄) မော်ဒယ်(၂၀၀၁) ဖြစ်ပြီး ယာဉ် နှင့်ပတ်သက်သည့် သက်သေအထောက်အထား တစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိသဖြင့် ရှာဖွေ ပုံစံပြုလုပ်သိမ်းဆည်းခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က ပြောသည်။

နေ့လယ် ၁၂ နာရီခွဲအချိန်က ပြည်မြို့ န၀င်းရပ်ကွက်၊ ရွှေတစ်ချောင်းလမ်း အ.လ.က(၂)ကျောင်းရှေ့တွင် အမှတ် (၁၀) ယာဉ်ထိန်းတပ်ဖွဲ့စု(ပြည်)မှ ဒု-တပ် ကြပ်မြင့်ဇော်ဦးသည် ယာဉ်/လမ်းစည်းကမ်း ထိန်းသိမ်း ရေး ဆောင်ရွက်နေစဉ် ပေါက်ခေါင်းမြို့(၄)ရပ်ကွက်၊ ပိတောက်မြိုင်လမ်းနေသူ ဦးထွန်းနိုင်လင်း မောင်းနှင် လာသည့် KA/9121 TOYOTA MARK II ခဲရောင်ကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

အဆိုပါယာဉ်သည် အင်ဂျင်အမှတ် (1G/FE) ဘောင်အမှတ် (GX 110-6004616) မော်ဒယ် (၂၀၀၀)ဖြစ် ပြီး ယာဉ် နှင့်ပတ်သက်သည့် သက်သေအထောက်အထား တစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိသဖြင့် ယာဉ်ထိန်းရဲ တပ်စုမှူးရုံးသို့ ခေါ်ဆောင် မောင်းနှင်ကာ ရှာဖွေပုံစံပြုလုပ် သိမ်းဆည်းခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်က ပြောသည်။

ထိုသို့သိမ်းဆည်းရမိသဖြင့် လိုင်စင်မဲ့ကား လက်ဝယ်ထားရှိသုံးစွဲသူ ဦးထွန်းနိုင်လင်းနှင့် ဦးအေးကြူတို့အား ပြည်မြို့ အမှတ်(၁)ရဲစခန်းတွင် ပို့/သွင်း ပုဒ်မ ၈/ ၁၀ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျက် ရှိသည်။


မြစ်ကြီးနားမြို့နယ် NLD ဥက္ကဋ္ဌ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရ

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဟာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့တာဆိုပြီး မြစ်ကြီးနား မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအက်စ်ကူးမားကို အမှတ် ၂ ရဲစခန်းက တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် လိုက်ပါတယ်။

အမှုဖွင့်ထားတဲ့အကြောင်းကို မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှူး ဦးအေးကျော်က အခုလိုပြောပါ တယ်။

အဲဒီလို အမှုဖွင့်ခံရတဲ့ မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအက်စ်ကူးမားက သူ့ကို အမှုဖွင့်ထားတဲ့အကြောင်း ရဲစခန်းက တရားဝင် အကြောင်းမကြားသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့City Park Royal စားသောက်ဆိုင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဟောပြောပွဲ ကျင်းပဖို့အတွက် ပြည်နယ်၊ မြို့နယ်၊ ခရိုင် ရွေးကောက်ပွဲကော်မရှင် ရုံးခွဲတွေနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

Rfa

ယုဇနကုမ္ပဏီကို ဆန္ဒပြသူများ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရ

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက ပီလောပီနံစိုက်ဖို့ သိမ်းထားတဲ့ မြေယာဧက သောင်း ဂဏန်းနီးပါးထဲက လျော်ကြေးမပေးရသေးတဲ့ မြေ ယာတွေအတွက် လျော်ကြေးပေးဖို့ ရန်ကုန်မြို့က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ တောင်သူ ၁၆ ဦးကို ဗဟန်းမြို့နယ် ရဲစခန်းက တရားမ၀င် စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။

အမှုဖွင့်ခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဖားကန့်မြို့နယ်၊ ၀ါယာစုရွာက တောင်သူ ဦးတန်ဂွန်းက အခုလိုပြောပါတယ်။

ဖားကန့်နဲ့ တနိုင်းမြို့နယ်က တောင်သူ ၁၆ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့တာဖြစ်ပြီး အဲ့ဒီဆန္ဒပြပွဲအတွက် ခွင့်ပြုချက်တောင်းပေမယ့် ဗဟန်းမြို့နယ် ရဲစခန်းက ခွင့်မပြုခဲ့ဘူးလို့ တောင်သူတွေက ပြောပါတယ်။

အသိမ်းခံလိုက်ရတဲ့ လယ်မြေ၊ ယာမြေနဲ့ ဥယျာဉ်ခြံမြေတွေဟာ လီဒိုလမ်းမရဲ့ အနောက်ဘက်မှာရှိတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ယုဇနကုမ္ပဏီက သိမ်းဆည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

တောင်သူတွေဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းက ယုဇနကုမ္ပဏီကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ တရားစွဲဆိုရာ ဥယျာဉ်ခြံမြေ တစ်ဧကကို ကျပ် ၆ သောင်း၊ လယ် တစ်ဧကကို ကျပ် ၈ သောင်းနဲ့ ယာတစ်ဧကအတွက် ကျပ် ၄ သောင်းပေးဖို့ တရားရုံးက ဆုံးဖြတ်ပေးခဲ့ပါတယ်။ တရားရုံးက သတ်မှတ်ပေးလိုက်တဲ့ လျော်ကြေးတွေ ကို တောင်သူအများစုက လက်မခံခဲ့ဘူးလို့ သိရပါတယ်။

Rfa

မန်မာပြည်တွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံနေရပုံ လန်ဒန်မှာ တင်ပြ

ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ ပဋိပက္ခဖြစ်နေ တဲ့ဒေသအတွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာ တိုင်း ရင်းသားအမျိုးသမီး အဖွဲ့တချို့ရဲ့ ကိုယ်စားလှယ်တွေက ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီးဖြစ်လာတဲ့ မြန်မာနိုင်ငံတွင်းက အမျိုးသမီးထု ကြုံတွေ့ရတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ခံရမှုတွေနဲ့ လုံခြုံမှုကင်းမဲ့ပုံတွေအကြောင်း ရှင်းလင်းပြောပြ တဲ့ အစည်းဝေးတစ်ခုကို မနေ့ညနေပိုင်းက ဗြိတိသျှ လွတ်တော်ရှိ ခန်းမဆောင်တစ်ခုမှာ ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းဝေးပွဲအပြီးမှာ ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့ ရဲ့ ဒါရိုက်တာ ဒေါ်စူစန်နာလှလှစိုးက သူဆွေးနွေးခဲ့ တာတွေနဲ့ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရဟာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရင်က သဘောတူထား တာတွေကနေ အခု သွေဖယ်လာမှုတွေရှိနေတဲ့အကြာင်း ခုလိုပြောပါတယ်။

နိုင်ငံတကာရဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသအတွင်းက လိင်အကြမ်းဖက်မှု ပပျောက်ရေး ညီလာခံကို မြန်မာနိုင်ငံကိုယ် စားပြုပြီး တက်ရောက်လာတဲ့ ဒုတိယနိုင်ငံခြားရေးဝန်းကြီး ဦးသန့်ကျော်ကလည်း မြန်မာနိုင်ငံမှာ လိင်အကြမ်းဖက်မှု တိုက်ဖျက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ကို မြန်မာအစိုးရကိုယ်စား လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ အမျိုးသမီးကိုယ်စားလှယ်တွေကတော့ လက်မှတ်ထိုးသူနဲ့ လက်တွေအကောင်ထည်ဖော်သူတွေရဲ့ ကတိမူတွေအရင်ကရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေကြောင့် စိုးရိမ်မှုတွေနဲ့ သတိထားကြိုဆိုတယ်လို့ ပြောပါတယ်။

ဒုတိယနိုင်ငံခြားရေးဝန်းကြီး ဦးသန့်ကျော်နဲ့အဖွဲ့ဟာ  မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘောလည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီဆွေးနွေးပွဲရဲ့ရလဒ်အနေနဲ့ နောင်တချိန်မှာ အတူပူးပေါင်းဆောင်ရွက်သွားမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေါ်စူစန်နာလှလှစိုးက ပြောပါတယ်။


NCCT ထိပ်သီး ခေါင်းဆောင် များ ရှေ့လအတွင်း တွေ့ဆုံကြမည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့တွေရဲ့ သဘောတူညီချက်ရယူနိုင်ဖို့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးတစ်ရပ် ခေါ်ယူ ကျင်းပသွားဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်များအစည်းအဝေးကနေ ဆုံးဖြတ် လိုက်ကြပါတယ်။

ထိုင်းမြန်မာ နယ်စပ်တစ်နေရာမှာ ၄ ရက်ကြာကျင်းပခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့က ပြီးဆုံးသွားတဲ့ ၁၀ ကြိမ်မြောက် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတာလို့ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက အခုလို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက ရန်ကုန်မြို့ မှာရှိတဲ့ MPC မြန်မာငြိမ်းချမ်း ရေးစင်တာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တွေ့ဆုံဆွေးနွေခဲ့တာတွေကို
ဒီအစည်းအဝေးမှာ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီးနောက် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ မဖြစ်မနေတွေ့ကြဖို့နဲ့ ရှေ့လအတွင်းမှာ တွေ့ဆုံနိုင်ဖို့ ယာယီသတ်မှတ်လိုက်တယ်လို့လည်း သိရပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် မူကြမ်းကိစ္စနဲ့ပတ်သက်ပြီး  NCCT က ခေါင်းဆောင်တွေ အစည်းအဝေး ကျင်းပနေချိန်မှာပဲ MPC မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူ သမ္မတ အကြံပေးတစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေနဲ့အဖွဲ့က ဇွန်လ ၁၅ ရက်နေ့မှာ NCCT ခေါင်းဆောင်တွေနဲ့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး ဦးနိုင်ဟံသာက …



ဒီအစည်းအဝေးကနေ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်တစ်ခုလုံးရဲ့ အစီရင်ခံစာ တင်ပြနိုင်ဖို့အတွက် ဦးနိုင်ဟံသာ ခေါင်းဆောင်တဲ့ အလုပ်အဖွဲ့တစ်ခုနဲ့  အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်မူကြမ်းနဲ့ ပတ်သက်ပြီး ရလာဒ်ကောင်းကျိုး ဆိုးကျိုး တွေ၊ တစ်ဆို့နေမှု အချက်အလက်တွေကို အသေးစိတ်အစီရင်ခံ
တင်ပြနိုင်ဖို့အတွက် ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ အလုပ်အဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးမှာ နိုင်ငံတကာက တတ်သိပညာရှင်တချို့ကို ခေါ်ယူပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို သုံးသပ်ခါ နိုင်ငံတကာက ငြိမ်းချမ်းရေး
ဖြစ်စဉ်တွေရဲ့ နည်းနာတွေကို လေ့လာခဲ့တယ်လို့လည်း သိရပါတယ်။


ရခိုင်နဲ့ ကချင်ပြည်နယ် ဒုက္ခသည်တွေ အခက်အခဲ ကုလထောက်ပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက ပဋိပက္ခဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေ အပြည့်အ၀ပေးနိုင်ဖို့ အဟန့်အတား အတော်များများ ရှိနေတယ်လို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-Wha Kang က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက စစ်တွေမှာ နိုင်ငံတကာ အကူအညီပေးရေးရုံးတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ဟာလည်း၊ ကူညီရေးလုပ်ငန်းတွေအတွက် လုံခြုံရေးအရ စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ထောက်အတွင်းရေးမှူးချုပ် Kang ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်က သွားရောက်ခဲ့ပြီးနောက်၊ မနေ့တုန်းက နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်သွားတဲ့ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-wha Kang ရဲ့သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောဆို ဝေဖန်ခဲ့တာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံတကာ လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေကို လေ့လာသုံးသပ်ဖို့ သွားရောက်ခဲ့တဲ့ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-wha Kang ဟာ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်နဲ့ မြောက်ပိုင်း ကချင်ပြည်နယ်က ဒုက္ခသည်စခန်းအချို့ကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်း ဒုက္ခသည်တွေအတွက် လူသားချင်း စာနာကူညီမှုတွေ ရောက်ရှိနိုင်ရေးမှာ အခက်အခဲတွေ ရှိတာတူညီပေမဲ့ ဘယ်လိုကြောင့် ခက်ခဲသလဲဆိုတဲ့ မတူညီတဲ့ အကြောင်းတရားတွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်တွင်းမှာဆိုရင် စစ်ပြေးဒုက္ခသည် တ၀က်လောက်ပဲ အစိုးရထိန်းချုပ်တဲ့ နယ်မြေထဲမှာရှိပြီး KIO ကချင်လွတ်မြောက်ရေးတပ် ထိန်းချုပ်ရာနယ်မြေထဲမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေရောက်ဖို့ အကန့်အသတ်တွေ အတော်ကြီးတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲမှာတော့ ကူညီရေးအတွက် အဟန့်အတား ဖြစ်စေတဲ့အကြောင်း အတော်များများ ရှိနေတယ်လို့ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-wha Kang က ပြောပါတယ်။

“ဒုက္ခသည်စခန်းတွေကို လူသားချင်း စာနာကူညီမှုတွေ ပေးနိုင်ဖို့မှာ အဟန့်အတားကိစ္စ အတော်များများ ရှိနေပါတယ်။ တချို့ဒုက္ခသည်စခန်းတွေကို သွားလာရေးက အတော်ကြီး ခက်ခဲပါတယ်။ ဥပမာဆိုရရင် ဒုက္ခသည်စခန်းတခုကို သွားရာမှာ စစ်တွေကနေ လှေနဲ့ ၂ နာရီ သွားခဲ့ရပါတယ်။ ဒါကြောင့် အဲဒီက ဒုက္ခရောက်နေတဲ့ လူမှုအသိုင်းအ၀ိုင်းဆီကို ရောက်ဖို့ဆိုတာ အတော်ကြီး ခက်ခဲပါတယ်။ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုတွေကို ဘက်လိုက်မှုမရှိဘဲ အကောင်းဆုံး ဆောင်ရွက်ပေမဲ့လည်း၊ ဒေသခံ ရခိုင်လူမျိုးတွေရဲ့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှု လုပ်ငန်းအပေါ် ယုံကြည်မှု မရှိတာကလည်း အခက်အခဲတရပ်ပါ။ အခြေခံကတော့ ကုလသမဂ္ဂ အကူအညီတွေဟာ မူဆလင်တွေအတွက် ဘက်လိုက် ဆောင်ရွက်ပေးနေတယ်လို့ ဒေသခံရခိုင်တွေက ထင်မြင် ယူဆကြတာပါ။ ကုလသမဂ္ဂ လုပ်ငန်းအပေါ် ဒေသခံတွေက မယုံကြည်တာ၊ တခါတရံမှာ ရန်လိုတာတွေဟာ အကူအညီ သွားရောက်ပေးနိုင်ဖို့ အခက်အခဲ ရှိစေပါတယ်။ အုပ်ချုပ်ရေးပိုင်းက အဟန့်အတား ကိစ္စရပ်တွေလည်း ရှိပါတယ်။ အကူအညီတွေပေးဖို့ အာဏာပိုင်တွေရဲ့ ခရီးသွား ခွင့်ပြုချက် လိုပါတယ်။ ဒီလို အခြေအနေ အားလုံးကြောင့် ရခိုင်ပြည်နယ်အတွင်း အကူအညီတွေ အပြည့်အ၀ သွားရောက်ပေးနိုင်ဖို့ အခက်အခဲ ရှိပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေ ရှိတဲ့နေရာကလည်း သွားလာရေး ခက်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းကို ရောက်တော့ အဲဒီက အမျိုးသား၊ အမျိုးသမီးတွေ ကလေးငယ်တွေရဲ့ နေထိုင်ရမှုအခြေနေဟာ သူ့အတွေ့အကြုံအရ တခါမှ မကြုံဖူးတဲ့ ဆိုးရွားတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ Ms. Kang က ပြောပါတယ်။ ဒုက္ခသည်တွေထဲမှာ အများစုက မူဆလင်တွေဖြစ်ပြီး၊ သူတို့ဟာ အာဏာပိုင်တွေရဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ သွားလာခွင့် ကန့်သတ်ခံနေရတယ်လို့ ပြောပါတယ်။ ဒီ သွားလာခွင့် ကန့်သတ်ခံရတဲ့ အခြေအနေကြောင့်လည်း ကျန်းမာရေး၊ ပညာရေးကအစ စားဝတ်နေရေးအဆုံး ရှင်သန်ရပ်တည်ဖို့ အခက်အခဲ အတော်ကြီးတယ်လို့ ဆိုပါတယ်။

“လွတ်လပ်စွာ သွားလာခွင့်ဆိုတာ အခြေခံ လူ့အခွင့်အရေးတရပ် ဖြစ်ပါတယ်။ ဒီလွတ်လပ်ခွင့် မရှိဘူးဆိုရင်တော့ စားဝတ်နေရေး အခြေခံ ရပိုင်ခွင့်တွေမှာ အကန့်အသတ် ကြုံပါလိမ့်မယ်။ ဒါကြောင့် လုံခြုံရေးအရ ထည့်တွက်ရပေမဲ့လည်း၊ ဒုက္ခသည်တွေ ပိုပြီး လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် နည်းလမ်းရှာဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။”

တချိန်တည်းမှာ ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့အစည်းတွေ ကူညီရေး လုပ်သားတွေအတွက် လုံခြုံရေးဟာ စိုးရိမ်စရာရှိတုန်းပဲလို့ ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်တွေက ကုလသမဂ္ဂနဲ့ NGO ရုံးတွေကို အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ထိထိရောက်ရောက် စုံစမ်း အရေးယူနိုင်တာမျိုး မရှိဘူးလို့ ပြောပါတယ်။

“မတ်လတုန်းက ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ ကူညီရေး အဖွဲ့အစည်းပိုင် ပစ္စည်းတွေ တိုက်ခိုက်ဖျက်ဆီးခံရတာ အပျက်အစီး အတော်များပါတယ်။ ဆန္ဒပြသူတွေရဲ့ အကြမ်းဖက်မှု အတိုင်းအတာက အတော့်ကို တုန်လှုပ်စရာ ကောင်းပါတယ်။ လူအထိအခိုက် မရှိဘူးဆိုပေမဲ့ အဆောက်အဦးနဲ့ ပစ္စည်းတွေ အတော်များများ ပျက်စီးခဲ့ပါတယ်။ ဒီအကြမ်းဖက်သူတွေကို အရေးယူဖို့ အာဏာပိုင်တွေ အထူးသဖြင့် ဗဟိုအစိုးရကို ကျမတို့ တိုက်တွန်း တောင်းဆိုနေပါတယ်။ အခုအချိန်ထိတော့ စုံစမ်းစစ်ဆေးမှုတွေလည်း အနည်းအကျဉ်းပဲ လုပ်နိုင်ပါသေးတယ်။ ဒီကိစ္စကို အသေအချာ မဖြေရှင်းနိုင်ဘူးဆိုရင် ကုလသမဂ္ဂနဲ့ NGO အဆောက်အဦး ပစ္စည်းတွေကို ဖျက်ဆီးတိုက်ခိုက်တာဟာ ဥပဒေကင်းလွတ်ခွင့် မရဘူးဆိုတာ မပြနိုင်ဘူးဆိုရင်တော့ လုံခြုံရေး အခြေအနေ စိုးရိမ်စရာ ရှိနေဦးမှာပါပဲ။”

သတင်းစာရှင်းလင်းပွဲအတွင်း ရိုဟင်ဂျာအသုံးအနှုန်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ရှောင်သုံး မသုံး သတင်းထောက်တွေက မေးကြပါတယ်။ ကုလသမဂ္ဂ အနေနဲ့ကတော့ အခြေခံရပ်တည်ချက်အရ လူမှုအသိုင်းအ၀ိုင်း တခုအနေနဲ့ သူ့လူမျိုး အခေါ်အဝေါ် သတ်မှတ်မှုအတိုင်း အသိအမှတ်ပြုသွားမှာ ဖြစ်ပေမဲ့လို့၊ အခု ရခိုင်ပြည်နယ်အရေးမှာ အတော်လေး ဒီအခေါ်အဝေါ်က အကဲဆပ်နေတာကြောင့် ပဋိပက္ခတွေ တင်းမာမှုတွေ ထပ်မဖြစ်လာစေဖို့ သူ့အနေနဲ့တော့ သတိထား ရှောင်ပြီး သုံးနှုံးခဲ့တယ်လို့ ဖြေပါတယ်။

သူရဲ့ အခုခရီးစဉ်ဟာ ကချင်ပြည်နယ်မှာ စစ်ပွဲတွေဖြစ်ခဲ့တာ သုံးနှစ်ပြည့်အချိန်ကာလနဲ့၊ ရခိုင်ပြည်နယ်မှာတော့ ဘာသာရေးနဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာ နှစ်နှစ်ပြည့် ကာလနဲ့လည်း တိုက်ဆိုင်နေတယ်လို့ ပြောပါတယ်။ ဒုက္ခသည်တွေဟာလည်း ဒီပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသူတွေပါ။

လက်ထောက်အတွင်းရေးမှူးချုပ် Kang ဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော်မှာ မြန်မာဒုသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ လူမှုဖူလုံရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဒုတိယ၀န်ကြီးတို့နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပြီး လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေ တိုးတက်လာစေဖို့ ဆွေးနွေး အကြံပြုမှုတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။